မော်လိုက် မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင် ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ကျောင်းသား/သူများ အားလုံး ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို စတင် လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာတွင် ကျောင်းသား/သူများအတွက် အခမဲ့ထုတ်ပေး သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ထုတ်ပေးထားသည့် ပါးစပ်၊ နှာခေါင်းစည်းများ၊ Face Shield (မျက်နှာအကာ) များကို အခမဲ့ထုတ်ပေးခဲ့ကြပြီး၊ ကျောင်းအပ်လာသူများ အဆင်ပြေစေရန် အခန်းများခွဲ၍ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံပေးခဲ့ကြောင်း သိရသည်။
“ကျွန်မက မော်လိုက်မြို့နယ် သရက်ကုန်းရပ်ကွက်က Grade-7 တက်ရောက်မည့် ကျောင်းသူ တစ်ဦးရဲ့ မိခင်ပါရှင့်၊ သမီးအတွက် ကျောင်းလာရောက်အပ်နှံတာပါ၊ ကျောင်းလာရောက် အပ်နှံရတာ အဆင်ပြေပါတယ်ရှင့်၊ အချိန်အရမ်းကြာအောင် စောင့်ရတာလည်း မရှိပါဘူးရှင့်၊ လက်ခံဆောင်ရွက်ပေးတဲ့ ဆရာ၊ ဆရာမတွေကလည်း လိုက်လံဆောင်ရွက် ပြောပြပေး ပါတယ်ရှင့်၊ ငွေကြေးကောက်ခံမှုတွေလည်း မရှိပါဘူးရှင့်၊ အခမဲ့အနေနဲ့ ကျောင်းသုံးဗလာ စာအုပ်တွေ၊ ပုံနှိပ်စာအုပ်၊ စာရေးကိရိယာနဲ့ မျက်နှာကာတွေ ထုတ်ပေးပါတယ်၊ အစစအရာရာ အားလုံး အဆင်ပြေကြောင်း” ကျောင်းလာရောက်အပ်နှံသူ မိဘတစ်ဦး၏ ရင်တွင်းစကားကို ကြားသိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံနေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သီဟဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသန့်ရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
မော်လိုက်မြို့နယ်တွင် အခြေခံပညာကျောင်း(၇၇)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၁)ကျောင်း စုစုပေါင်း(၇၈)ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်း အပ် စတင်လက်ခံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် အထက်တန်း( ၂၅၇ )ဦး၊ အလယ်တန်း (၁၁၀၃)ဦးနှင့် မူလတန်း(၂၄၀၂)ဦး စုစုပေါင်း(၃၄၀၂)ဦး လာရောက်အပ်နှံခဲ့ကြောင်းနှင့် အခြေခံ ပညာ မူလတန်း ကျောင်း(ခွဲ) တစ်ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း လေးကျောင်း တို့မှာ ယနေ့တွင် ကျောင်းအပ်နှံနိုင်ခြင်းမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မော်လိုက်သားလေး