ဂန့်ဂေါ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ A ရုံနှင့် B ရုံကြားရှိ အုတ်ရေမြောင်းပြုလုပ်နေမှုများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းအချိန်က ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါ အုတ်ရေမြောင်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေ (၉၉၀၀၀၀၀/-) ကျပ်တိတိ ဖြင့်တည်ဆောက်ပြုလုပ်ခြင်းဖြစ်ပြီး အုတ်ရေမြောင်းမှာ အရှည်ပေ (၃၈၀)ပေ၊ အကျယ် (၂)ပေ (၆) လက်မ၊ အမြင့် (၂)ပေရှိကြောင်းနှင့် မိုးရွာသည့်အခါတွင် ဖြစ်လေ့ဖြစ်ထရှိသည့် လမ်းရေ တိုက်စားမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအုတ်ရေမြောင်းပြုလုပ်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှစတင်ကာဆောင်ရွက် နေခြင်းဖြစ်ပြီး လုပ်ငန်းပမာဏ၏ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ လုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလကုန်တွင် လုပ်ငန်းပြီးစီးနိုင်မည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင် ထံမှ သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)