ဟင်္သာတ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီကစတင်ပြီး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိ သူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့က ဟင်္သာတမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အ-လ-က(၃)ကျောင်းတို့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်နှံရန် လာရောက်သည့် မိဘပြည်သူ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်း၊ နှာခေါင်း စည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့မှစတင်၍ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအချိန်အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက် သွားမည်ဖြစ်ပြီး ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဟင်္သာတ(ပြန်/ဆက်)