ကော့ကရိတ် မေ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကော့ကရိတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ တာဝန်ကျ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ဆရာ/ဆရာမများက ကျောင်းအပ်နှံသည့် KGမှ Grade – 11 ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆောင်ရွက်ပေးသည့်အပြင် နိုင်ငံတော်မှ ထောက်ပံ့ပေးသော ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ် များ၊ ဘောပင်၊ ခဲတံများ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ ပြီး မိဘအုပ်ထိန်းသူများ ကျောင်းလာရောက်အပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံရေးအတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျောင်းလုံခြုံရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကော့ကရိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက နံနက် ၉နာရီအချိန်မှ မွန်းတည့် ၁၂နာရီအချိန်ထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ကော့ကရိတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း (၈၂)ကျောင်းတို့တွင် အထက်တန်း (Grade – 10 ၊ Grade – 11)ကျောင်းသား၊ သူ (၇၃) ဦး၊ အလယ်တန်း (Grade – 6၊ Grade – 7၊ Grade – 8၊ Grade – 9) ကျောင်းသား၊ သူ ( ၂၅၅) ဦး နှင့် မူလတန်း (KG၊ Grade – 1၊ Grade -2၊ Grade-3 ၊ Grade-4) ကျောင်းသား၊ သူ (၄၁၇)ဦး တို့အား အပ်နှံပေးနိုင်ခဲ့သည်။ ကော့ကရိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၉၅)ကျောင်းရှိသည့်အနက် အခြေခံပညာ အထက်တန်းကျောင်း (၉)ကျောင်း၊ အထက (ခွဲ)ကျောင်း ၁၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၄)ကျောင်း၊ အလက (ခွဲ )ကျောင်း ၄ ကျောင်း၊ မူ /လွန် ကျောင်း (၇)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (၄၄)ကျောင်း စုစုပေါင်း (၈၂)ကျောင်းအား ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့ အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူမိဘအုပ်ထိန်းသူများ အနေဖြင့် မိမိ ကြိုက်နှစ်သက်သည့်နေ့တွင် လာရောက်အပ်နှံနိုင်ပြီး ကဆုန်လပြည့်နေ့ တစ်ရက်သာ ကျောင်းအပ်နှံခြင်းကို ရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန် / ဆက် )