ပိုင်ကျုံ မေ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျောင်းနေရွယ်ကလေးများ အားလုံးပညာသင်ယူနိုင်ရေး အတွက် အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင်စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာ ကျောင်းများဖြစ်သည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထို့သို့ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိသည့်အပြင် နိုင်ငံတော်မှကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ (နှာခေါင်းစည်း) Mask များနှင့် (မျက်နှာဖုံး)Face Shield စသည့် ပစ္စည်းများကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင်အထက်တန်းကျောင်း(၁)ကျောင်း၊ အထကခွဲ(၁)ကျောင်း၊ မူ(လွန်)ကျောင်း(၁)ကျောင်း၊ မူလတန်း(၃) ကျောင်း စုစုပေါင်း(၆)ကျောင်းရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)