ရှမ်းရွာသစ် မေ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိရန်နှင့် တစ်ပိုင်တစ်နိုင်သစ်သီးဝလံများစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းတွင် Home Garden စိုက်ပျိုးရန်အတွက် သစ်သီးဝလံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မြို့စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က မိမိတို့နေအိမ်ခြံဝင်းအတွင်းတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပါက ငွေကုန်ကြေးကျသက်သာမည့်အပြင် မိသားစုအပိုဝင်ငွေများရရှိသည့်အတွက် စိုက်ပျိုးရန်လိုအပ်ကြောင်း ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်က မိမိတို့စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန် စိုက်ပျိုးရေးနည်းပညာများ စဉ်ဆက်မပြတ်ကွင်းဆင်းပညာပေးလျက်ရှိကြောင်း၊ မကြာမီ မိုးရာသီကာလရောက်လာမည် ဖြစ်သောကြောင့် ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန်အတွက် မျိုးစေ့များကို အခမဲ့ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု၊ မဲသမူးကျေးရွာအုပ်စုနှင့် မြို့ပေါ်(၄)ရပ်ကွက်ရှိ ဒေသနေပြည်သူ(၃၀)ဦးခန့်တို့အား ချဉ်ပေါင်၊ ကန်စွန်း၊ မုန်လာ၊ နံနံပင်၊ ရုန်းပတီ၊ တိုင်ထောင်ပဲနှင့် နွေပဲစေ့များကို အခမဲ့ပေးအပ်ခဲ့ပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့်ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များကို စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများတို့က ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)