ငဖဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်

ငဖဲ မေ ၂၄ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာ ကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါအခြေခံပညာကျောင်းများသို့ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်းနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်း(၆)မျိုးဖြစ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ နှာခေါင်းစည်း (mask) ၂ခုနှင့် Faceshield ၁ခု စီကိုအခမဲ့ပေးအပ်ပြီး ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာ ကျောင်းပေါင်း (၈၃) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးကို မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့ထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။. မယု(ငဖဲ)