ကောလင်း မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့သို့မှ ထွက်ရှိသော အင်ဥ (မှိုစေ့) များ ကောလင်းမြို့ စျေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး သဘာဝအင်ဥ(မှိုစေ့) ရှာဖွေ ရောင်းချသူများ ယခင်နှစ်ထက် စျေးကောင်း ရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အင်ဥ(မှိုစေ့)သည် နှစ်စဉ်ဖြစ်ထွန်းသည့် မှိုကျင်းများတွင် ပေါက်ရောက်လေ့ရှိပြီး ယခုရာသီ၌ အင်ဥ(မှိုစေ့)ရှာဖွေ သူများနှင့် ဖောက်သည်ယူကြသူများ၊ ဝယ်ရောင်းချသူများ အပိုဝင်ငွေ ရရှိသည့် ရာသီဖြစ်သည်။
"အင်ဥမှိုရောင်းဝယ်ကြရာတွင် တစ်တင်း၊ နှစ်တင်းစသည်ဖြင့် ခြင်တွယ်ရောင်းချသကဲ့သို့ လက်လီလက်ကား စျေးကွက်တွင် တစ်ပြည်၊ နှစ်ပြည် စသည်ဖြင့်လည်းကောင်း နို့ဆီဗူးဖြင့် လည်းကောင်း ချိန်တွယ်ရောင်းချ ကြသည်။ ယခင်နှစ်က အင်ဥ (မှိုစေ့) တောထဲမှာ တစ်ယောက် ရှာကိုနှစ်ပြည်၊ သုံးပြည်ထိရရှိပြီး တစ်ပြည်ကို ၃၅၀၀ ကျပ်မှ ၄၀၀၀ကျပ်အထိသာ ရောင်းချရ ပါတယ်။ ယခုလက်ရှိမှာတော့ အင်ဥ(မှိုစေ့) မနှစ်ကလောက် မပေါက်သဖြင့် တစ်မနက်ကို သုံးရောက်ရှာဖွေရာ ၃ ပြည်ခန့်ရရှိပြီး နို့ဆီဗူးတစ်ဗူးကို ငွေကျပ်၉၀၀၊ တစ်ပြည် ငွေကျပ် ၇၀၀၀ ဖြင့် ကောလင်းစျေးသို့ ဖောက်သည်သွင်းရကြောင်း အင်ဥ(မှိုစေ့)သည် စားကောင်း၍ စားသုံးသူ များလာပြီး၊ လူကြိုက်များလာသဖြင့် အချို့လက်ကားယူသူများသည် ရွှေဘို၊ မုံရွာ၊ မန္တလေးမြို့ တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အင်ဥ(မှိုစေ့)ရှာဖွေရောင်းချသူ ရှမ်းစု ကျေးရွာမှ" မနှင်းဝေဖြိုးက ပြောပြသည်။
ယခုအခါ ကောလင်းစျေးကွက်သို့ ဝင်ရောက်လာသော အင်ဥ(မှိုစေ့)များကို ရာသီပေါ်သီးနှံစာ အဖြစ် ဝယ်ယူစားသုံးကြကြောင်း ထိုအင်ဥ(မှိုစေ့)များကို ကန်စွန်းရွက်များ၊ ဝက်သားများနှင့် ရောနှော၍လည်း ချက်ပြုတ်စားသောက်ကြကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)