ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံမှု စတင်လက်ခံ

ခမောက်ကြီးမြို့ မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်း၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံမှုကို နံနက်(၉)နာရီတွင် စတင်လက်ခံလျက် ရှိသည်။

ထိုသို့ ကျောင်းအပ်နှံရာတွင် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများမှ ကျောင်းသားကိုယ်ရေး အချက်အလက်များနှင့်တကွ အပ်နှံရပြီး အတန်းပိုင် ဆရာ၊ ဆရာမများက ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် Face Shield တို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ကျောင်းအပ်နှံရာတွင် အဆင်ပြေမှုရှိစေရေးအတွက် ကျောင်းအပ်လက်ခံသည့်နေရာများ စနစ်တကျ ထားရှိပြီး ကိုယ်အပူချိန်တိုင်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးအတွက်လည်း စီမံ ဆောင်ရွက်ထား ရှိသည်။ ကျောင်းအပ်နှံမှုကို မေလ(၂၄)ရက်မှ စတင်၍ ကျောင်းဖွင့်သည်ထိ လက်ခံလျက်ရှိပြီး ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်သည့် ဇွန်လ(၁)ရက်တွင် ကျောင်းစတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရူပါမြင့်