ကြို့ပင်ကောက်မြို့ မိုးစပါးစိုက်တောင်သူများ လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများစတင်ဆောင်ရွက်

 

ကြို့ပင်ကောက် မေ ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ မိုးစပါးများ စိုက်ပျိုး ရန်အတွက် လယ်ယာမြေပြုပြင်ခြင်းများကို မေလ ဒုတိယပတ်အတွင်းမှစတင်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင်းရှိတောင်သူအများစုမှာ မိုးစပါးစိုက်ပျိုးရန် ထွန်စက်များအသုံးပြု၍ အခြောက် ကြဲခင်း စနစ်စိုက်ပျိုးရန်ပြင်ဆင်နေကြကြောင်း ယင်းသို့အခြောက်ကြဲခင်းစနစ် အသုံးပြု စိုက်ပျိုးရခြင်းကြောင့် စက်မှု လယ်ယာစနစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားခြင်း ဖြစ်ကြောင်း စတင်စိုက်ပျိုးချိန်မှစပြီး ရိတ်သိမ်းချိန်အထိ နွားအသုံးပြုမှုမရှိတော့ဘဲ လယ်ထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်တို့ဖြင့်သာ အသုံးပြုစိုက်ပျိုး နေကြကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးကပြောသည်။

ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် မိုးစပါးစိုက်ဧကစုစုပေါင်း ၈၅၃၇၆ ဧကရှိပြီး မိရိုးဖလာနည်းနဲ့ ပျိုးထောင် စိုက်ပျိုးသောဧက ငါးထောင်ခန့်သာရှိကြောင်း တောင်သူအများစုမှာ အခြောက်ကြဲခင်းများကိုသာ စိုက်ပျိုး လာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)