သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

အုတ်ဖို မေ ၂၄

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန် က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အုတ်ဖိုမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကားပြောကြားရာ ထောက်ပံ့ငွေ ပေးအပ်နိုင်ရေး အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ခံရသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ အနေနဲ့ စနစ်တကျကြီးကြပ် ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းမှ ထောက်ပံ့ငွေပေးအပ်မှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ အတွင်း ဖျက်ပိုးကျရောက်ခြင်းကြောင့် ပျက်စီးဆုံရှုံးခဲ့သည့် မိုးစပါးသီးနှံ ဧက (၂၉၆၉)ဧကနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး သီးနှံဧက (၁၁၈၂)ဧက စုစုပေါင်း (၄၁၅၁) ဧကအတွက် ထောက်ပံ့ငွေကျပ် (၄၁၅၁၀၀၀၀) ကျပ်ကို ပေးအပ်ပြီး ထောက်ပံ့ငွေပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်/ကျေးအုပ်စုအလိုက် ကြီးကြပ်ဆောင်ရွက်မည့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန နယ်မြေတာဝန်ခံများက တောင်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)