အိမ်မဲ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၉၆) ကျောင်းမှ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကိုဗစ်(၁၉) ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ကျောင်းအပ်စတင် လက်ခံလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အ-ထ-က (၁၀)ကျောင်း၊ အ-ထ-က(ခွဲ) (၁၅)ကျောင်း၊ အ-လ-က (၁၉) ကျောင်း၊ အ-လ-က(ခွဲ) (၂၉)ကျောင်း၊ မူလွန် (၁၉)ကျောင်း၊ အ-မ-က (၁၀၃)ကျောင်းနှင့် အ-မ-က (ခွဲ) (၁)ကျောင်းတို့ရှိပြီး အဆိုပါကျောင်းများတွင် သက်ဆိုင်ရာကျောင်းသား/သူများက ကျောင်းစတင်အပ်နေကြပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်းသိရသည်။
"ကျောင်းသား/သူတွေနဲ့မိဘတွေ မြင်သာတဲ့နေရာတိုင်းမှာ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေး ဗီနိုင်းများကိုကပ်ထားပေးပါတယ်။ကျောင်းအပ်လာတဲ့မိဘ၊ ကျောင်းသား/သူတွေကိုကျောင်းဝင်ပေါက်ကိုရောက်ကတည်းက နှာခေါင်းစည်းတပ်တာတို့ အပူချိန်တိုင်းတာတို့ ခြောက်ပေခွာပြီး နေခိုင်းတာတို့ ဆောင်ရွက်ပါတယ်။ဘေစင်များကိုလည်း လက်ဆေးဆပ်ပြာနဲ့အတူ ကျောင်းအပ်နှံတဲ့နေရာတိုင်းမှာ တပ်ဆင်ပေးထားပါတယ်။နိုင်ငံတော်မှ ထောက်ပံ့ပေးတဲ့ Mask,Face shield, ဖတ်စာအုပ်၊ဗလာစာအုပ်၊ ခဲတံ၊ဘောပင်အစရှိတဲ့ ပစ္စည်းတွေကိုလည်း အတန်းအလိုက်ကျောင်းအပ်နှံသူတိုင်းကို ထုတ်ဝေပေးကြောင်း" တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)