ကြံခင်းမြို့တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ

ကြံခင်း   မေ    ၂၄

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ "ဆောင်ပုဒ်အတိုင်း ယနေ့နံနက်(၈)နာရီအချိန်မှ စတင်ပြီး ကြံခင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့အပ်နှံရန်၊  (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့အပ်နှံရန်နှင့် ကျောင်းများ အပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ နှာခေါင်းစည်း(Mask)၊ Face Shield တို့ကို ကျောင်းသား/သူတိုင်းအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင်ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့်အညီ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၂၅)ကျောင်းရှိရာ (အ.ထ.က) ကျောင်း(၇) ကျောင်း၊ (အ.ထ.က-ခွဲ)ကျောင်း(၂)ကျောင်း၊ (အ.လ.က)ကျောင်း(၈)ကျောင်း၊ (အ.လ.က-ခွဲ) ကျောင်း(၃)ကျောင်း၊ (မူ/လွန်၊ အ.မ.က)ကျောင်း(၃)ကျောင်း၊ (အ.မ.က)ကျောင်း (၉၈)ကျောင်း၊ (မူ/ခွဲအ.မ.က)ကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီး စာသင်ကျောင်း(၂)ကျောင်းနှင့် ထူးချွန်ကိုယ်ပိုင်ကျောင်း(၁)ကျောင်းရှိကြောင်းနှင့် ကျောင်းများအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် (၂၄-၅-၂၀၂၁)မှစ၍ (၃၁-၅-၂၀၂၁)အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)