ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

ဥတ္တရသီရိ    ဩဂုတ်   ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများအား ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှထွေးက ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန် ၊ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်း အနှီးများ ရရှိစေနိုင်ရန်၊ ရရှိသောငွေကြေးအရင်းအနှီးများဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည် ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ်ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေ စုစုပေါင်း ငွေကျပ်သိန်း (၈၀၀)အား ကြီးပွားကျေးရွာ၊ ရွာသာကျေးရွာနှင့် နန်ချွန်ကျေးရွာတို့အား ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ ရန်ပုံငွေအား အိမ်ခြေ (၁၀၁)အိမ်နှင့်အထက်ကျေးရွာများအား တစ်ရွာလျှင် ကျပ်သိန်း (၃၀၀)နှုန်းနှင့် အိမ်ခြေ (၅၁)အိမ်နှင့်(၁၀၀)ကြား ကျေးရွာများအား တစ်ရွာလျှင် ကျပ်သိန်း (၂၀၀)နှုန်းဖြင့် ပေးအပ်ခဲ့ပြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လမ်း၊ အသေးစား ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)