မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေး

အထက်မင်းလှ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၄၅မိနစ်က မင်းလှမြို့ အခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်ဦးတို့က ကျောင်းများဖွင့်လှစ်ရာတွင် စီမံဆောင်ရွက်ထားရှိရမည့် လုပ်ငန်းစဉ်များ၊ ပညာသင်ကျောင်းများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ဆောင်ရွက်ရမည့် လုံခြုံရေး အစီအမံများအား ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးက မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းက ကျောင်းဖွင့်ရာသီအမီ ဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများကရှင်းလင်း ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)