ဘားအံ မေ ၂၄
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၅) ဦးဇော်ဝင်းသည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို မေလ ၂၂ရက်နေ့၊ နံနက် ၇ နာရီက စတင်ကာ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ သွားရောက်စစ်ဆေးရာတွင် ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၊ ဘားအံမြို့ပေါ်ရှိအမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများတွင် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ကျောင်းအကျိုးတော်ဆောင်မျာနှင့် တွေ့ဆုံပြီး၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် အခြေခံကျောင်းများကို မေလ(၂၄)ရက်မှ(၃၁) ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမှာ ဖြစ်တာမို့ အေးချမ်းစွာ ကျောင်းအပ်နှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီစေလိုကြောင်း၊ အေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးသွာရမှာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၅)ဦးဇော်ဝင်းသည် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ သန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဆရာ/ ဆရာမများ၏ စာသင်ကျောင်ခန်း အတွင်း လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက် နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေတစ်စုံတစ်ရာ မကောက်ခံ၊ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများကိုလည်း အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရသည်။
နေမျိုးလွင်(ဘားအံ)