စေတုတ္တရာ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မေလ ၂၁ ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားမိဘ ပြည်သူများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။
အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်အေးစုစုလတ်က “ အငြိမ်းစားပင်စင်လစာများကို လစဉ်လတိုင်း ၂၁ ရက်နေ့ နိုင်ငံဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ အဆင်ပြေစွာ ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျေးရွာများမှ ပင်စင်စား မိဘပြည်သူများ၊ မြို့ပေါ်အမှတ်(၁)ရပ်ကွက်မှ ပင်စင်စားမိဘပြည်သူများနှင့်အမှတ်(၂)ရပ်ကွက်မှပင်စင်စား မိဘပြည်သူများအား သတ်မှတ်ရက်အလိုက် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ သတ်မှတ်ရက်များတွင် လာရောက် မထုတ်ယူနိုင်သော ပင်စင်စားမိဘပြည်သူများအား ရုံးချိန်များအတွင်း ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်း” ပြောကြားသည်။
ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ပင်စင်စား မိဘပြည်သူများအား ဘဏ်အတွင်းသို့ မဝင်မီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာတွင် နေထိုင်စေရေးအတွက် မျဉ်းများသတ်မှတ်ကာ ထိုင်ခုံများစီစဉ်ပေးပြီး ပင်စင်လစာများအား စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းနှင့် အငြိမ်းစားပင်စင်ဝန်ထမ်းဦးရေအနေဖြင့် စုစုပေါင်း(၆၆၅)ဦး ရှိကြောင်း သိရသည်။
ခင်သန်းလှိုင်