မြိတ် မေ ၂၄
နိုင်ငံတော်အစိုးရ မှ (၂၀၂၁)ခုနှစ်တွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည့် တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့မှ ဆရာတော် သံဃာတော်အရှင်သူမြတ်(၇)ပါးအား ယမန်နေ့နံနက်(၉)နာရီက မြိတ်မြို့ ဗုဒ္ဓဘာသာအသင်းကြီးမှ အသင်းရုံးခန်းမ၌ ပထမအကြိမ် ဂုဏဝိသိဌပူဇော်ပွဲ ကျင်းပခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များမှာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဆရာတော် (၁)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါးတို့ ရရှိခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့် ပရိတ်သတ်အပေါင်းတို့က နမောတဿ ဗုဒ္ဓပဏာမဂါထာ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တ လာသန လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။
ဆက်လက်၍ ဗုဒ္ဓဘာသာအသင်းကြီးဥက္ကဋ္ဌ ဦးလှမောင် က ဂုဏဝိသိဌ ပူဇော်ပွဲကျင်းပရခြင်း အကြောင်းနှင့် အသင်းကြီး၏ ဆောင်ရွက်ချက်များအား လျှောက်ထားပြီး ခရိုင်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဘွဲ့တံဆိပ်တော်များ ထပ်ဆင့်ပူဇော်ကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ထိုနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြ၍ ရေစက်သွန်းချအမျှပေး ဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သာသနာ့အဓိဌာန်(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)