မိုးညိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုးညို မေ ၂၄ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိနှင့် အဖွဲ့မှယမန်နေ့ နံနက်ပိုင်းမှစ၍ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ကွင်းဆင်းကြည့်ရှုရာတွင် ရှေးဦးစွာစပါယ်မျှောင်-တောင်ဇင်းလမ်း (၆.၀၆) ဖာလုံအား မြေသား တာဘောင် တိုးချဲ့ထားမှုနှင့် စပါယ်မျှောင်အုပ်စု၊ စပါယ်မျှောင်ကျေးရွာရှိ အ.ထ.က(ခွဲ) စပါယ်မျှောင်ကျောင်း (၁၄၀×၃၀) ပေ RCC နှစ်ထပ် စာသင်ကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် သရက်တစ်ပင်ကျေးရွာ အနီးရှိ ဘုရားကြီးကုန်း-ခအောင်းပင်တာအား ကြည့်ရှုခဲ့ပြီး ရေကင်း အုပ်စု၊ ပွဲဆိပ်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော စင်မြင့်ရေစက်ရုံ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အိုးဘိုကျွန်းအုပ်စု၊ အိုးဘိုကျွန်းကျေးရွာတွင် ဘုရားဖြူ ချောင်းကူး တံတား(၂၈၀)ပေ တည်ဆောက်နေမှုအား လည်းကောင်း၊ ကရင်ချောင်အုပ်စုရှိ ကရင်ချောင်းကုန်း- ကရင်ချောင်၊ ကရင်ချောင်းကုန်း-လှေချောင်း၊ လှေချောင်း-ကနစိုးလမ်း ဂဝံခင်းခြင်း ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့သည်။ ယင်းနောက် မြစ်သာအုပ်စု၊ မြစ်သာကျေးရွာရှိ၊ မြစ်သာဘုန်းတော်ကြီးကျောင်းတိုက်၊ ရှားတော ကျွန်းအုပ်စု၊ ရှားတောကျွန်း(ရွာသစ်)ရှိ သာသနဗိမာန်ကျောင်းတိုက် ၊ ရှားတောကျွန်းကျေးရွာရှိ ရှားတောကျွန်းကျောင်းတိုက် တို့တွင် ဖွင့်လှစ်ထားသည့် ဗုဒ္ဓဘာသာယဉ် ကျေးလိမ္မာသင်တန်း (ဓမ္မာစကူးလ်) တက်ရောက်နေသော သင်တန်းသား/သူများအတွက် မုန့်နှင့်စာရေးကိရိယာများ သွားရောက် လှူဒါန်းကြောင်း သိရသည်။ ကိုမင်း(မိုးညို)