ဘားအံ၌ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဘားအံ မေ ၂၄

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ၂၀၂၁ ခုနှစ် စူဠဘွဲနှင်းသဘင်အခမ်းအနားကို မေလ ၂၂ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညို၍ စာအောင်သံဃာတော် များအား အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဥတ္တရ ဓမ္မဝါသီကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူတည်ကြကာ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး အထူးပင့်သံဃာ(၂)ပါးနှင့် ဓမ္မာစရိယစာအောင်သံဃာ(၂)ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆု အောင်လက်မှတ်၊ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အထူးပင့်သံဃာများနှင့် စာအောင်သံဃာများ၊ စာအောင် သီလရှင်များ အား  လှူဖွယ်ဝတ္ထုပစ္စည်းများ၊ စာအောင်ဆု အောင်လက်မှတ်နှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ယခုနှစ် ကရင်ပြည်နယ် ဘားအံစာဖြေဌာနအနေဖြင့် ဓမ္မစရိယကျမ်ပြီး(၁၁)ပါး၊ ပထမကြီးတန်း(၂၉)ပါး၊ ပထမလတ်တန်း(၅၀)ပါး၊ ပထမငယ်တန်း (၆၄)ပါး၊ အခြေပြုမူလတန်း(၁၀၇)ပါး စုစုပေါင်း (၂၁၆)ပါးအား အောင်လက်မှတ်နှင့်စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ) ဥက္ကဋ္ဌဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏာလင်္ကာရ ရဲကျောင်း ဆရာတော်ထံမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားအတွက် တောင်ကလေးဆရာတော် အရှင်ပညာသာမိမှ ငွေကျပ် သိန်းငါးဆယ်၊ မြို့နယ်သံဃာ့နာယကအဖွဲ့(သုဓမ္မာ)မှ ငွေကျပ် လေးဆယ့်တစ်သိန်းကိုးထောင်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီမှ ငွေကျပ် လေးဆယ့်ကိုးသိန်းရှစ်သောင်းခြောက်ထောင် စုစုပေါင်းငွေကျပ် သိန်းတစ်ရာလေးဆယ့်ကိုးသောင်း ငါးထောင်တိတိကိုထည့်ဝင်လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ဆိုင်ရာကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရသဖြင့် စာအောင်သံဃာအားလုံးကို ပင့်ဖိတ်နိုင်ခြင်းမရှိဘဲ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ် တန်း စာအောင်သံဃာများအား ပြည်နယ်သာသနာ ရေးမှူးနှင့်ဝန်ထမ်းများက စာသင်တိုက်များသို့ သွားရောက်ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)