ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး ငြိမ်းချမ်းရေးအဖွဲ့အစည်းများအား ဆန်အိတ်များ ထောက်ပံ့

 

ဘားအံ မေ ၂၂

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ(၂)၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ငြိမ်းချမ်းရေးအဖွဲ့အစည်းများဖြစ်သော ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA- PC) တို့ထံပေးအပ်သည့် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) တို့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက NCA လက်မှတ်ရေးထိုးထားခဲ့သည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ငြိမ်းချမ်းဖြစ်စဉ်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင်လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ခိုင်မြဲအောင် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထောက်ပံ့ ပေးသည်များ ရှိသကဲ့သို့ ယနေ့တွင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ငြိမ်းချမ်းရေးတပ်ဖွဲ့မိသားစုဝင်များအတွက် ထပ်မံထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း၊ အစိုးရအဆက်ဆက်မှ ငြိမ်းချမ်းရေးဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်မိသားစုများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်း၊ တံတား၊ ရေ၊ မီး၊ စိုက်ပျိုးမွေးမြူရေး ကိစ္စအဝဝကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘတ်ဂျက်များလျာထား၍ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက ယခုအခါ လုံခြုံရေးသည် အဓိကကျပါကြောင်း၊ ငြိမ်းချမ်းရေးရှိလျှင် ပိုမိုလုံခြုံမှုရှိပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံမှုရှိမှ အဓိကကျသည့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမရှိလျှင် လူနေမှုဘဝနိမ့်ကျပြီး နောင်မျိုးဆက်များအထိ သက်ရောက်မှုရှိသည့် အတွက် ယခုကဲ့သို့ ငြိမ်းချမ်းရေးအဖွဲ့အစည်းများအားလုံးကို ကြိုဆိုပါကြောင်း၊ ကျေးဇူးလည်းတင်ပါကြောင်း၊ အပစ်အခတ် ရပ်ဆဲရေးကို ဆက်လက်ထိန်းသိမ်း၍ ထားဝရငြိမ်းချမ်းရေးရရှိသည်အထိ အကောင်အထည် ဖော်သွားဖို့လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆန်အိတ်(၅၀၀)ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ထံသို့လည်ကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ဆန်အိတ်(၄၅၀)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA- PC) ထံသို့လည်ကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)