ကျောက်ကြီးမြို့နယ် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ကျောက်ကြီး မေ ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ၂၀၂၁−၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းများ ပူးပေါင်း၍ အခြေခံပညာကျောင်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားမှုကြောင့်၂၀၂၀−၂၀၂၁ ပညာသင်နှစ်တွင် စာသင်ကျောင်းများ ယာယီရပ်ဆိုင်းထားရှိခဲ့ပြီး ယခု ၂၀၂၁−၂၀၂၂ ပညာသင်နှစ်တွင် ၂၀၂၁ခုနှစ်မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။ ကျောင်းများဖွင့်လှစ်ချိန်တွင် ဆရာ/ဆရာမများနှင့်ကျောင်းသူ/သားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်အတွင်းရှိကျောင်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် အခြားလိုအပ်သည့်လုပ်ငန်းများကို စုပေါင်းပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။ ကျောက်ကြီးမြို့နယ်တွင် အခြေခံပညာအ.ထ.ကကျောင်းပေါင်း(၅)ကျောင်း၊ အ.ထ.က(ခွဲ)(၁၂) ကျောင်း၊ အ.လ.က ကျောင်း(၆)ကျောင်း၊ အ.လက(ခွဲ) (၁၄)ကျောင်း၊ မူလွန်(၈၉)ကျောင်း၊ အ.မ.က (၃)ကျောင်း၊ အ.မ.က(ခွဲ)(၄)ကျောင်း၊ ဘုန်းတော်ကြီးသင် (၁)ကျောင်း စုစုပေါင်း(၁၃၄)ကျောင်းရှိပြီး အဆိုပါကျောင်းများကို မေလ(၂၄)ရက်နေ့မှစတင်၍ ကျောင်း အပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းများအပ်နှံရာတွင် နိုင်ငံတော်မှအခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုလုံးဝ မရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

K ခိုင်(ပြန်/ဆက်)