အင်္ဂပူမြို့နယ်တွင် အမြိုင်းအင်း(သုတေသနအင်း)ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်

အင်္ဂပူ     မေ  ၂၂

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊လူတော်စု ကျေးရွာအုပ်စု၊ အမြိုင်း‌ ကျေးရွာအတွင်းရှိ 

အမြိုင်းအင်း (သုတေသနအင်း) အား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ‌ ဆောင်ရွက်ခြင်းကို ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူးဦးတင့်လွင် ဦး‌ဆောင်သော မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်ချက်အရ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး၏ အနီးကပ်ကြီးကြပ်မှု ဖြင့် အင်းအတွင်းရှိ ပက်ကောအိုင်ကွက်အား အလျား ၁၃၅ပေ၊ အနံ၁၃၅ပေ၊ အနက်၃ပေကို တူးဖော်ဆောင်ရွက်လျက်ရှိကြောင်း အင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အခွန်ငွေများရရှိအောင် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဖြစ်ပြီး ငါးသယံဇာတသည်  ပြည်သူများ၏ စားသုံးမှုအဟာရအတွက် အထူးအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယခုလို

အင်းများ၊ချောင်းများ ပြန်လည်တူးဖော် ပေးသည့်အတွက် ငါးအထွက်နှုန်းတိုးတက် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အင်းအတွင်း ငါးနေထိုင်‌ ပေါက်ပွားမှု ပိုမိုကောင်မွန်ခြင်း၊ တိုင်းရင်းငါးမျိုးများကို ထိန်းသိမ်းနိုင်ခြင်း၊ ရေသယံဇာတ၊ ငါးသယံဇာတများ ပိုမိုတိုးပွား လာနိုင်ခြင်းတို့‌ကြောင့် အင်္ဂပူမြို့နယ် တွင် ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီအတွင်း အမြိုင်း(သုတေသနအင်း)အား ပြုပြင်တူးဖော်မှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)