ကော့သောင်း မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူများ အသိပညာတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြင့် တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ စာဖတ်ခြင်းဖြင့်ကြီးမြင့်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်ဥမ္မာချို က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုး သူများက စာအုပ်အကြောင်းအရာပါ အခန်း(၁၁)ခန်းများမှ ဖူးစာဆုံခဲ့ကြသူများ၊ ရှင်သန်ကြပါ စေ၊ ပရိသတ်ကိုဟောပြောနည်း၊ ယုံကြည်မှုတည်ဆောက်ရေး ခေါင်းစဉ်များအောက်မှ စာရေးသူမှ ပေးစွမ်းလိုသည့် အသိပညာဗဟုသုတများ၊ စာပေရသများ၊ သတိပြု မှတ်သား စရာများ စသည့်အကြောင်းအရာများကို မိမိတို့အမြင်ရှုဒေါင့်အသီးသီးမှ အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)