ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပုလော မေလ ၂၂ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းနှင့် ပတ်၀န်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇) နာရီခွဲက အမှတ်(၁)အခြေခံပညာ အထက်တန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေလုံခြုံမှုရှိစေရေးနှင့် ကျောင်း ပတ်၀န်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်း အတွင်း/အပြင် ချုံနွယ် ပိတ်ပေါင်းများ သန့်ရှင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနှုတ်မြောင်းများ ဖောက်လုပ် ပေးခြင်း၊ စာသင်ကျောင်း အတွင်း/အပြင် သန့်ရှင်းရေးနှင့် လိုအပ်သည်များကို စုပေါင်း ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ပလောက်မြို့ ၊ အမှတ်(၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းမှ ဒုဗိုလ်မှူးကြီး ရဲလင်းအောင် ဦးဆောင်သော တပ်မတော်သား များ၊ ပုလောမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ဆန်း ဦးဆောင်သော တပ်ဖွဲ့၀င်များ၊ အထက(၁) ကျောင်းတာ၀န်ခံ ဆရာမ ဒေါ်သီသီလတ် ဦးဆောင်သော ဆရာ/ဆရာမ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံ ပြည်သူများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်