ပုသိမ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီကရီကောလိပ်၊ သိပ္ပံ၊ နည်းပညာ အထက်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် အဖွင့်အမှာစကား ပြောကြားရာတွင် “ကျောင်းဆရာ၊ ဆရာမများသည် နိုင်ငံဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဝန်ထမ်းများအပေါ် သက်ညှာစွာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ CDM ဆောင်ရွက်လျက်ရှိသော ဆရာ/ဆရာမများ အနေဖြင့် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် လိုအပ်ကြောင်း၊ မိမိဆန္ဒ မပါဘဲ သွေးထိုးလှုံ့ဆော်မှုကြောင့် CDM ပြုလုပ်နေကြရသူများလည်း ရှိကြောင်း၊ CDM ပြုလုပ်သည့် ဝန်ထမ်းများမှ CDM မပြုလုပ်သည့် ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ အကြပ်ကိုင်ခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာသို့ တင်ပြသွားရန်နှင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် မိမိတို့၏ လက်အောက်ငယ်သား၊ တပည့်များအား ဆုံးမလမ်းညွှန်ပေးရန် လိုကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းကောင်စီအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင် ရှင်းလင်း ဆွေးနွေးရာတွင် “မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ဝန်ထမ်းအချင်းချင်း ပွင့်လင်းစွာ ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိပြီး အခက်အခဲများ ရှိပါကလည်း တင်ပြနိုင်ပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လုံခြုံရေးဆောင်ရွက်ပေးမည့် အစီအစဉ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ အနေဖြင့် ပူးပေါင်း ဆောင်ရွက် ပေးရန်လိုကြောင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် လှုံ့ဆော်သူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခင်က CDM ပြုလုပ်ပြီး ယခုလုပ်ငန်းခွင် ပြန်လည် ဝင်ရောက်သူများလည်း ရှိကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျှင် ဆရာ/ဆရာမများ စာသင်ကြား နေကြသည်ကို မြင်တွေ့ချင်ကြောင်း၊ စာသင်ကျောင်းများတွင် နိုင်ငံ့အရေး ဆန့်ကျင်သည့် လုပ်ရပ်များ မပြုလုပ်ရန်လိုအပ်ကြောင်း၊ ဆရာ/ဆရာမများ အနေဖြင့် ကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် တိုင်းဒေသကြီးအတွင်း ဖွံဖြိုးရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် တိုင်းကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တာဝန်ရှိသူများက ပါမောက္ခချုပ်များ၊ ဆရာကြီး၊ ဆရာမကြီးများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
မောင်မောင်မြင့်(iprd)