ပွင့်ဖြူ မေ ၂၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစား ဝန်ထမ်းများကို ယမန်နေ့ နံနက်ပိုင်းကစပြီး ကိုဗစ် - ၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားဝန်ထမ်းများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်တွင် အငြိမ်းစား ပင်စင်ဝန်ထမ်းဦးရေအနေဖြင့် စုစုပေါင်း ၁၅၀၀ ဦး ရှိကြောင်း သိရကာ အဆိုပါ ပင်စင်စားဝန်ထမ်းများ ပင်စင်လစာငွေ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးလျက်ရှိပြီး လစဉ်လတိုင်း ၂၁ ရက်နေ့ နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ အဆင်ပြေစွာ ထုတ်ပေးလျက်ရှိကြေင်း ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံးမှ တာဝန်ခံဘဏ်မန်နေဂျာ ဒေါ်အေးအေးချို ထံမှ သိရသည်။
ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ပင်စင်စားဝန်ထမ်း တစ်ဦးချင်းအလိုက် ရုံးအတွင်းမဝင်မီ လက်ဆေးခြင်း ၊ နှာခေါင်းစည်း(Mask)နှင့် Face Shield များ ဝတ်ဆင်စေခြင်း ၊ လူစုလူဝေးမဖြစ်စေရေးအတွက် ထိုင်ခုံများ စနစ်တကျဆောင်ရွက်ပေးပြီး စောင့်ဆိုင်း စေခြင်းများ ပြုလုပ်၍ တစ်ကြိမ်လျှင် နှစ်ဦးနှုန်းဖြင့် ပင်စင်လစာငွေများကို အလှည့်ကျ ထုတ်ပေးနေကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )