လှိုင်းဘွဲ မေ ၂၂
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင် ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့" ဆောင်ပုဒ်နဲ့အညီ လာမည့် မေ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Maske နှင့် Face Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးမှာဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့ လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ အခြေခံ ပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)