ကြို့ပင်ကောက် မေ ၂၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ နေစဉ်ထုတ် သတင်းစာများလှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ နေ့စဉ်ထုတ်သတင်းစာများလှူဒါန်းပေးမည့် အစီအစဉ်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကြို့ပင်ကောက် မြို့နယ်အတွင်း ပရိယတ္တိစာသင်တိုက်လေးတိုက်ရှိကြောင်း စာသင်တိုက်တစ်တိုက်ကို နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာတစ်စောင်၊ ကြေမုံသတင်းစာတစ်စောင် လှူဒါန်းသွားရန် တင်ပြထားပြီးဖြစ်ကြောင်း မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်လေးကပြောသည်။
ကြို့ပင်ကောက်မြို့ရှိ တိုက်ကျောင်းပါဠိတက္ကသိုလ်ပရိယတ္တိစာသင်တိုက်တွင် သံဃာ(၃၉)ပါး၊ သာမဏေ(၂၄)ပါး၊ သီလရှင် (၃)ပါး စုစုပေါင်း(၆၆)ပါး၊ ဗောဓိရိပ်သာပရိယတ္တိစာသင်တိုက်တွင် သံဃာ(၅၃)ပါး၊ သာမဏေ(၈)ပါး၊ သီလရှင် (၈၂)ပါး စုစုပေါင်း(၁၄၃)ပါး၊ ဝါဆိုရိတ်သာ ပရိယတ္တိစာသင်တိုက်တွင် သံဃာ(၁၄)ပါး၊ သာမဏေ(၁၇)ပါး၊ သီလရှင် (၇)ပါး စုစုပေါင်း(၃၈)ပါး၊ အနောက်ဘက်ဘုရားကြီး ပရိယတ္တိစာသင်တိုက်တွင် သံဃာ(၁၁)ပါး၊ သီလရှင် (၂၆)ပါး စုစုပေါင်း(၃၇)ပါး၊ စုစုပေါင်းပရိယတ္တိစာသင်တိုက်လေးတိုက်တွင် စာသင်သားသံဃာ ရဟန်း၊ သာမဏေ၊ သီလရင် စုစုပေါင်း (၂၈၄)ပါးပရိယတ္တိစာပေများကို သင်ကြားလျက်ရှိကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)