ပန်းတနော် မေ ၂၁
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမောင် မောင်သန်းနှင့် တာဝန်ရှိသူများက ပန်းတနော်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးရေး ပန်းခင်းစီမံချက်ဆောင်ရွက်ပေးနေမှု အခြေအနေအား ယနေ့ နံနက် ၁၀ နာရီက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက နိုင်ငံသားစိစစ်ရေးကဒ် မရှိသူများအားလုံးရရှိနိုင်ရေး ပြည်သူများဘက်ကလဲ ပန်းခင်းစီမံချက်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးရေး ပန်းခင်း စီမံချက်ကို ပန်းတနော်မြို့နယ်တွင် မေလ ၃ ရက်နေ့မှစတင်၍ ပထမ (၃) လပတ်၊ ဒုတိယ(၃) လပတ်၊ တတိယ(၃) လပတ် ခွဲ၍ နယ်မြေကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးပြုလုပ်လိုသူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနှင့်မိတ္တူ၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အသက်အထောက်အထားအတွက် မွေးစာရင်းမူရင်း(သို့)ကျောင်းထောက်ခံချက်(သို့) ကျောင်းသားကတ်၊ ရပ်/ကျေးတွင် နေထိုင်ကြောင်းနှင့် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြား မပြုလုပ်ရသေးကြောင်း ထောက်ခံ ချက်၊ အဖြူအမဲ ပတ်စပို့စ်ဓာတ်ပုံ( ၄)ပုံနှင့် ကာယကံရှင်၏ သွေးအမျိုးအစား စစ်ဆေးချက် စသည့်ထောက်ခံချက်များ ယူဆောင်လာရမည်ဖြစ်ကြောင်း ပန်းတနော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)