အုတ်ဖိုမြို့တွင် (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည်

အုတ်ဖို မေ ၂၁ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဝါဆိုဦးကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ဆုချီးမြှင့်ပွဲကျင်းပရန် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီးဖြစ်ရာ မြို့နယ်သံဃနာယက ဥက္ကဌ သုံးထပ်ကျောင်းဆရာတော်ကြီးမှ အခါအခွင့်ကောင်းကိုလက်မလွတ်ရအောင် ယခုကဲ့သို့ အခမ်းအနားကို စုံညီစွာတက်ရောက်ကြသည့်အတွက် မိမိအနေနဲ့ဝမ်းမြောက်မိပါကြောင်း၊ လူဖြစ်လာလျှင် တာဝန်ရှိလို့၊ တာဝန်သိမှ တာဝန်ကျေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု ကြီးပွားတိုးတက်ရန် ထိုတာဝန်သိသူ၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်တက်သူ အခွင့်အရေး မယူတက်သူ များစွာလိုအပ်ကြောင်း ကိုယ်ကျိုးမပါဘဲ အများအကျိုးဆောင်သည့် ဖြောင့်မတ်သူ များများရှိဘို့လိုကြောင်း၊ ယခုတာဝန်မှာအမျိုးဘာသာ သာသနာ့တာဝန်ဖြစ်ပြီး ဒီတာဝန်ကို ကျေပွန်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ဆုချီးမြှင့်ပွဲတွင် သာသနဓဇဓမ္မာစတိယ (၁)ပါး၊ ပါဠိပထမပြန်စာအောင်သံဃာ (၈)ပါးစုစုပေါင်း(၉)ပါးကို ဆက်ကပ်ပေးသွားမည်ဖြစ်ပြီး မိဘများမှလာရောက်အပ်နှံ၍ သင်ကြားပေးခဲ့ရသည့် ပရိတ်တော်ဘာသာ(၁)ဦးနှင့် အခြေခံလက်ရွေးစင်ဘာသာ (၂)ဦး စုစုပေါင်း(၃)ဦးကိုလည်း ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်သူ(အုတ်ဖို)