သံတောင်ကြီး မေ ၂၁
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည် များသည် ဆေးဖက်ဝင်ပြီးလူကြိုက်များသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာမှုနည်းပါးပြီး ဝယ်ယူသူများ မရှိသလောက်နည်းပါးကာ ဝယ်လိုအားကျဆင်း ခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှ အမြင့်ပေ ၈၀ မှ ၁၀၀ ခန့်ရှိသည့် သစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကို တွေ့ရှိရပြီး ၎င်းပျားအုံများကို နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်းလုပ်ငန်းလုပ်ကိုင်သူများက သွားရောက်ကာ ပျားဖွတ်လေ့ရှိ ကြောင်းသိရသည်။
အဆိုပါသံတောင်ကြီးဒေသတွင် ပျားရည်များကို ယခင်နှစ်တွင် တစ်ပုလင်းဈေးနှုန်း ကျပ်(၆၀၀၀)မှ ကျပ်(၇၀၀၀)အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ဝယ်လက်မရှိသလောက်နည်းပါးပြီး ပျားရည်တစ်ပုလင်းကို (၄၀၀၀)ကျပ်မှ ကျပ်(၅၀၀၀) အတွင်းသာရရှိကြောင်း သဘာဝပျားရည် အရောင်းအဝယ်လုပ်ကိုင် နေသူတစ်ဦးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်