တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တနင်္သာရီ မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နှိင်ရေးနှင့် ကျောင်းအပ်နှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

ယင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာ/မကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား(၁၈၀)ဦး ခန့်တက်ရောက်ခဲ့ ကြောင်း သိရှိရသည် ။

အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့- အဖွဲ့ဝင်၊ တနင်္သာရီတပ်နယ်မှူး ဗိုလ်မှူး ထက်ကိုကိုဝင်း (အမှတ်-၃၀၆ အမြောက် တပ်ရင်းမှူး) မှ နယ်မြေလုံခြုံရေးနှင့် ကျောင်းများ လုံခြုံရေးဆောင်ရွက်မည့် အစီအမံအား ချပြရှင်းလင်းခြင်း၊ အတွင်း ရေးမှူး(ကိုယ်စား) ရဲအုပ်အောင်ကြည်သိန်းနှင့် အဖွဲ့ဝင် ဦးကျော်ကျော်ခေါင် (ဒေသကိုယ်စားပြုသူ)တို့မှ နယ်မြေဒေသ အလိုက် စာသင်ကျောင်းများနှင့် လမ်းကြောင်း လုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူ့စစ်အဖွဲ့ အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းများ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များနှင့်  NGO အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အစီ အစဉ်များ ကို ချပြရှင်းလင်းကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ထားမှုများအား ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာ/မကြီးများနှင့် ကျောင်းအကျိုး တော်ဆောင်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကလည်း နယ်မြေဒေသနှင့် ကျောင်းများ ဖွင့်လှစ်နိုင်မည့် အခြေအနေအား တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ်တွင် အထက်တန်း(၆)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၈)ကျောင်း၊ အလယ်တန်းကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၄)ကျောင်း၊ မူ(လွန်)ကျောင်း(၁၆)ကျောင်း၊ မူလတန်း(၇၆)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)(၁၂) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး(၁)ကျောင်း စုစုပေါင်း (၁၄၁)ကျောင်းရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)