တစ်ခေါက်တစ်ခါတော့ အရောက်လာဖို့ ဖိတ်ခေါ်ချင်တဲ့ ဖိုးရှမ်းကမ်းခြေနှင့် ဖိုးရှမ်းဘုရား

(ဆောင်းပါး)

မြန်မာ့ပြည်မြေပုံရဲ့ အောက်ခြေမှာ တည်ရှိသော တနင်္သာရီတိုင်းဒေသကြီးကို ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်ဖြင့် ခရိုင်(၃)ခရိုင်၊ ရေဖြူ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ကျွန်းစု၊ မြိတ်၊ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့နယ်ဖြင့် မြို့နယ် (၁၀) မြို့နယ်နှင့် ကလိန်အောင်၊ မေတ္တာ၊ ပလောက်၊ ခမောက်ကြီး၊ ကရသူရိ၊ ပြည်ကြီးမဏ္ဍိုင်မြို့ဖြင့် မြို့ (၆) မြို့နှင့် ဖွဲ့စည်းထားရှိပြီး၊ ပင်လယ်ရေမျက်နှာပြင်ဖြင့် ထိစပ်လျက်ရှိ ကာ ရေပတ်လည် ဝိုင်းရံလျက်ရှိသော ကျွန်းများ၊ အရောင်အသွေးစုံလှတဲ့ ပင်လယ်နှင့် ကမ်းခြေအလှအပ များစွာဖြင့် ခရီးသွား မိဘပြည်သူများကို ဖမ်းစားလျက်ရှိတဲ့ အဖိုးတန်လှတဲ့ ကျွန်မတို့ တနင်္သာရီတိုင်းဒေသကြီး ပင်ဖြစ်ပါသည်။

အဆိုပါ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သော ပုလောမြို့နယ်မှ ကမ်းခြေ အလှအပများဖြင့် ရပ်ဝေး/ရပ်နီးမှ ခရီးသွားမိဘပြည်သူများ အပန်းဖြေ အနားယူနိုင်မည့် ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင် တည်ရှိ သော ဖိုးရှမ်းကမ်းခြေနှင့် ဖိုးရှမ်းဘုရား ကမ်းခြေအလှအပများကို တင်ပြလိုက်ရပါသည်။

ဖိုးရှမ်းကမ်းခြေဟာ ပင်လယ်ရေမျက်နှာပြင်နှင့် ထိတွေ့ဆက်စပ်လျက်ရှိသည်နှင့်အညီ ဒီရေအတက်အကျ ပေါ်မူတည်၍ သဲသောင်များ၊ သန္တာ ကျောက်တန်း၊  ကျောက်ဆောင်များစွာ ရှိသည့်အပြင် ရေပတ်လည် ဝိုင်းရံ လျက်ရှိသော ကျွန်းပေါ်ရှိ ဖိုးရှမ်းဘုရားဟာလည်း ဆုတောင်းပြည့် စေတီတော်ကြီး တစ်ဆူဖြင့် ကမ်းခြေ ဆင်းမည့် သမုတ်တောင်ပေါ်လမ်းမှ လှပတင့်တယ်စွာဖြင့် ဖူးတွေ့ရမှာဖြစ်ပါသည်။

ဖိုးရှမ်းကမ်းခြေရှိရာ ရှပ်ပုံကျေးရွာဟာ ပုလောမြို့မှ (၂)မိုင်ခန့်ကွာဝေးပြီး၊ ရှပ်ပုံကျေးရွာမှ (၆) မိုင်ခန့် ကွာဝေး သည့် ရှပ်ပုံကျေးရွာအုပ်စုရှိ ရေချို ကျေးရွာ၊ သမုတ်တောင်ကို ဖြတ်ကျော်၍ မော်တော်ကားများ၊ မော်တော်ယာဉ် များဖြင့် ပုလောမြို့မှ မီနစ်(၂၀) ခန့်သွားလာရပါတယ်။

အဆိုပါ ဖိုးရှမ်း ကမ်းခြေ အလှအပနှင့်အတူ ဖူးတွေ့နိုင်သော ဖိုးရှမ်းဘုရား သမိုင်းကို လေ့လာ ကြည့်ရာတွင် မိုးမခ ကမ်းခြေ၌  နေထိုင်သော ဦးဖိုးရှမ်းဆိုသူ   (ကရင်ဗုဒ္ဓဘာသာ ကိုးကွယ်သူ) တစ်ဉီးကို ယိုးဒယားမင်းများ လာရောက် စစ်တိုက်စဉ် ကလေး ဘ၀က ခေါ်ဆောင် သွားခဲ့ပြီး၊ မြန်မာပြည်သို့ ရဟန်း၀တ်ဖြင့် ပြန်လာကာ ၊ လူ၀တ်လဲ၍ တံငါ လုပ်ငန်း၊ တောင်ယာ လုပ်ငန်းများဖြင့် ကမ်းခြေတွင် အသက်မွေး၀မ်းကျောင်းပြုစဉ်  ဖိုးရှမ်းတောင်ပေါ်ရှိ သိုက် အစောင့်အရှောက် များက အိမ်မက်ပေး၍ ရှေ့နှစ်ပေါင်း ၂၀၀ ခန့်က (ခန့်မှန်း) တည်ထားတဲ့ (၄)ပေခန့်ရှိသော ဘုရား စေတီတော် ကို ပြန်လည် ပြုပြင် မွမ်းမံပြင်ဆင်ရန် ပစ္စည်းများ အထောက်အပံ့ပေး၍ ဦးဖိုးရှမ်းမှ (ခုနှစ်သက္ကရာဇ်မသိ)ပြင်ဆင်မွမ်းမံ ကိုးကွယ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဦးဖိုးရှမ်းတွင် ဦးရွှေမန်းဆိုတဲ့ သားတစ်ဦးထွန်းကားခဲ့ပြီး၊ ဦးရွှေမန်းရဲ့ မြေးဖြစ်သူ ဦးသာအူး (ဇနီး ဒေါ်ဂျာအေး)နှင့် ဒေါ်သိန်းရွှေ (ခင်ပွန်း ဦးငွေသီး) နှင့်စေတနာရှင်များဖြစ်ကြသော ရှပ်ပုံ ကျေးရွာမှ ဦးချစ်တွေ ဇနီး ဒေါ်မဲ၊ ဦးအောင်ချီ (ဇနီး) ဒေါ်ကျင်လှ၊ မီးလောင်အော်ကျေးရွာမှ လူငယ်များ၊ ဝါးတန်း ကျေးရွာနေ ဦးလေးမောင် (ဇနီး)ဒေါ်မြကြူ တို့စုပေါင်း၍ မြန်မာ့သက္ကရာဇ် ၁၃၄၈ ခုနှစ်တွင် ဉာဏ်တော်အမြင့်  (၉)ပေ ရှိသော ဖိုးရှမ်းဘုရား စေတီတော်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်မွမ်းမံ ပူဇော်ခဲ့ကြကြောင်းကို ဦးဖိုးရှမ်း၏ (တီဖြစ်သူ) ဖော့ကျေးရွာနေ ဦးမြသွင် အသက် (၈၄) နှစ် (သက်ရှိ ထင်ရှားရှိသူ) တွေ့ဆုံမေးမြန်း၍ နှုတ်ဖြင့် ပြောကြားချက်အရ မှတ်တမ်းတင် ဖော်ပြပေးခြင်း ဖြစ်ပါသည်။

အဆိုပါ ဖိုးရှမ်းဘုရားနှင့် ဖိုးရှမ်းကမ်းခြေကို ရှပ်ပုံကျေးရွာအုပ်စုအတွင်းရှိ ရှပ်ပုံ၊ ဖော့၊ မီးလောင်အော်၊ ရေချို၊ သမုတ်တောင်စတဲ့ ကျေးရွာနေ ပြည်သူများအနေဖြင့် မြန်မာ့နှစ်ဟောင်းကုန် နှစ်သစ်သို့ ကူးပြောင်းချိန်ရောက် သည့် မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ ရောက်တိုင်း ဖိုးရှမ်းကမ်းခြေသို့ သွားရောက်၍ ဆွမ်းတော်တင်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ရေကစားခြင်း၊ ဘောလုံးကန်ခြင်းဖြင့် အပန်းဖြေ ကုသိုလ်ယူရာ နေရာ တစ်ခု အဖြင့် သွားလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

ယခင်က ဖိုးရှမ်းကမ်းခြေနှင့် ဖိုးရှမ်းဘုရားရှိရာသို့ သွားရောက်ဖူးမြော်ရန်အတွက် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ် နေသော သမုတ်တောင်ကို ဖြတ်၍ မီးအိမ်ထမ်းကာ တောလမ်းခရီး သွားလာရပြီး၊ ရေလမ်းခရီးများဖြင့် ခက်ခဲစွာ သွားလာခဲ့ရကာ ယခုအခါတွင် ရေလမ်း၊ ကုန်းလမ်း နှစ်သွယ်ဖြင့် သာယာဖြောင့်ဖြူးစွာ သွားလာနိုင်ပြီ ဖြစ်ပါ သည်။

ထို့သို့ ဘုရားဖူး၊ အပန်းဖြေမည့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ လာရောက်အပန်းဖြေ ကုသိုလ်ယူ နိုင်ရေးအတွက် ၂၀၁၄−၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရံပုံငွေဖြင့် ရေချိုကျေးရွာ မှ ပြင်းငယ်ကျေးရွာထိ ကျောက်ကြမ်းခင်းလမ်း သိန်း(၂၀၀၀) ဖြင့် ၄င်း၊ ၂၀၁၉ − ၂၀၂၀  ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေဖြင့် ရေချိုကျေးရွာမှ သမုတ်တောင်ကျေးရွာ ကျောက်ချောလမ်းအတွက် သိန်း(၁၀၆၃) ဖြင့် ၄င်းပံ့ပိုးဆောင်ရွက်ပေးခဲ့သောကြောင့် ပုလောမြို့မှ ရှပ်ပုံကျေးရွာ အုပ်စုရှိ ကျေးရွာများကို ဖြတ်သန်း၍ ဖိုးရှမ်းဘုရားနှင့် ဖိုးရှမ်းကမ်းခြေ အလှအပများကို ခံစား၊ဖူးမြော်နိုင်ခဲ့ပြီဖြစ်ပါသည်။     

ဖိုးရှမ်းဘုရားရှိရာ ဖိုးရှမ်းတောင်ဟာ ရေပတ်လည်ဝိုင်းရံလျက်ရှိသော ကျွန်းတစ်ကျွန်း ဖြစ်ပြီး၊  အနောက်တောင် ဘက်တွင် ညင်းဖို၊ ညင်းမ၊ ကော့ဒွေး ကျွန်း၊ အနောက်ဘက်တွင် ကျွန်းလှနှင့် မလိကျွန်း၊ အနောက်မြောက်ဘက် တွင် ပြင်ဘုကြီး၊ ပြင်ဘုငယ် ကျွန်း(ကျေးရွာ) ၊ မြောက်ဘက်တွင် လယ်ဖက်နှင့် ဖော့ကျေးရွာ (တောင်တန်း)များ ၀န်းရံထား ရှိကာ အဆိုပါ ကျွန်းများနှင့် ကျေးရွာများပေါ်တွင်နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် အပန်းဖြေ ကုသိုလ်ယူမည် ဆိုပါက စက်ရေယာဉ်များဖြင့် လာရောက်နိုင်တဲ့အပြင်  ရှပ်ပုံကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ရေလုပ်သားများအနေဖြင့်လည်း တံငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရာ ကမ်းခြေ တစ်ခု ဖြစ်သောကြောင့် ပုလောမြို့နယ်အတွက် အဖိုးအဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲဖြစ်ပါသည်။

အဆိုပါ ဖိုးရှမ်းကမ်းခြေနှင့် ဖိုးရှမ်းဘုရားသို့ လာရောက်ဖူးမြော်သူများအနေဖြင့် ဆုတောင်းပြည့်ရုံသာမက ပစ္စည်း ရွှေစ၊ ငွေစများ ပျောက်ဆုံးခြင်း မရှိကြောင်း၊ ပျောက်ဆုံးပါက ရက်မည်မျှပင် ကြာစေကာမူ ပြန်လည် တွေ့ရှိခြင်း၊ အိပ်မက်များ မြင်မက်၍ ပြန်လည်ရှာဖွေ တွေ့ရှိခြင်း စတဲ့ ထူးခြားတဲ့ ဝိသေသများ ရှိပြီး၊ စေတနာရှင် ပြည်သူများ အနေဖြင့် ဘုရားအတွင်း လိုအပ်သည့် ပြုပြင်မှုများကို ပြုလုပ်လျက်ရှိရာ ယခုအခါ ဆိုရင် အဆိုပါ ဖိုးရှမ်းဘုရားရဲ့ ဉာဏ်တော်မှာ အမြင့်ပေ ၁၈ ပေအထိ ရှိလာပြီး၊ ဘုရားဖူးမိဘ ပြည်သူများ အနေဖြင့် နွေ၊ မိုး၊ဆောင်း သုံးရာသီလုံးတွင် အပန်းဖြေ နားနေမယ့် နေရာလေးများဖြင့် အဆင်ပြေလျက်ရှိ ကြောင်း တွေ့မြင်ရပါသည်။

ထိုသို့ ထူးခြားသော ဝိသေသများဖြင့် လှပ အပန်းဖြေနိုင်မည့် ဖိုးရှမ်းကမ်းခြေ အလှအပကို ခံစားရင်း ဘုရားဖူး ကုသိုလ်ယူနိုင်တဲ့ ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရှိ ဖိုးရှမ်းကမ်းခြေသို့ တစ်ခေါက်တစ်ခါ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါ သည်။

အေးအေးမော် (ပုလော ပြန်/ဆက်)