သဲကုန်း မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင် နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြ ပါစို့" ဆောင်ပုဒ်နဲ့အညီ လာမည့် မေ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးမှာဖြစ်ကြောင်း သိရှိရ သည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံ ပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)