ဘားအံ မေ ၂၁
ကရင်ပြည်နယ်အတွင်း ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် True World Co.,Ltd မှ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်ခန်းမ(၂)၌ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် True World Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးဇေယျနှင့်အဖွဲ့က လျှပ်စစ် ဓါတ်အား ၁၅၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ရေပေါ်ဆိုလာစနစ်ကို Power Point အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့ကြပြီး လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ရေလှောင်တမံတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားကြောင်း၊ လိုအပ်သည့် မြေပြင်ကွင်းဆင်းတိုင်းတာ ဆန်းစစ်မှုအချို့လည်း ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ရေမျက်နှာပြင်ပေါ်တွင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မြေယာ ဆုံးရှုံးမှုမရှိကြောင်း၊ အာရှနှင့်ပစိဖိတ်နိုင်ငံများတွင်လည်း ယခုနည်းပညာကို အသုံးပြုလျက်ရှိပြီး မြေပြင်တွင်ဆိုလာ တပ်ဆင်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်နည်းပညာနှင့် တူညီပါကြောင်း၊ တည်ဆောက်ရေးကာလ အနေဖြင့် တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားများကို ဘားအံ စက်မှုဇုန်(သို့) ဒေသခံပြည်သူများ ထံသို့လည်ကောင်း၊ နိုင်ငံတော်လျှပ်စစ်ဓါတ်အားစနစ်သို့ လည်ကောင်း ဖြန့်ဖြူးပေးနိုင်ရန်လျာထားကြောင်းသိရှိရပြီး ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် ပင်မစက်ရုံမရှိသေးသည့်အတွက် အဆိုပါလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက် ဖြစ်ပါက လျှပ်စစ်ဓါတ်အားကို ပြည့်ပြည့်ဝဝအသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက်လည်း ရန်ပုံငွေရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့်ဒေသ၏ အလုပ်အကိုင်အခွင့်လမ်း များ ပိုမိုတိုးတက်ရရှိနိုင်မည် ဖြစ်ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)