ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး စိန်ဖရန့်စစ်ဇေးဗီးယဲကက်သလစ် ဘုရားရှိခိုးကျောင်း ဆရာတော်နှင့် ခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)ဘားအံသာသနာပိုင်တို့အား သွားရောက်ဂါရဝပြုတွေ့ဆုံ

ဘားအံ မေ ၂၁

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးရဲထွန်းဦး၊ အဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်၊ အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ စိန့်ဖရန့်စစ်ဇေးဗီးယဲ ကက်သလစ် ဘုရားရှိခိုးကျောင်း ဆရာတော်နှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) ဘားအံသာသနာပိုင်တို့အား သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန်ဖရန့်စစ် ဇေးဗီးယဲ ကက်သလစ်ဘုရားရှိခိုးကျောင်း၌ ဆရာတော် ဘီးရှော့ဂျက်စတင်းစောမင်းသိုက်အား သွားရောက်ဂါရဝပြု တွေ့ဆုံပြီး သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများ၊ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းပြည်အာဏာကို ခေတ္တထိန်းသိမ်းရယူခဲ့ရမှု အဆင့်ဆင့်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဂါရဝလက်ဆောင်နှင့် ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) ဘားအံ သာသနာပိုင်နယ်၊ သာသနာပိုင်ကြီးဒေါက်တာမာကုစောမောင်ဒိုအား အသင်းတော်၏ဧည့်ရိပ်သာ၌ သွားရောက်ဂါရဝပြု တွေ့ဆုံပြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ရှင်လင်းဆွေးနွေးပြောကြားကာ ဂါရဝလက်ဆောင်နှင့် ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)