ရှမ်းရွာသစ် မေ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီပိတ်ထားခဲ့သော အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း (၇)နာရီအချိန်ခန့်တွင် ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသနေပြည်သူများနှင့် နယ်မြေအခြေချနည်းဗျူဟာမှ အရာရှိစစ်သည်တို့ စုပေါင်း၍ ကျောင်းများပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ ကျောင်းဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ(၂၄) ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း(Mask)၊ Face Shield တို့ကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)