ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်းရှိ၂၀၂၁-၂၀၂၂စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ဖလမ်း  မေ ၂၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်းရှိ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့်တွန်းဇံမြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စာသင်ကျောင်းများအဆင်ပြေချောမွေ့စွာပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး ဖလမ်းခရိုင် ပညာရေးမှူးဦးခေါဂေကီးက “ကျွန်တော်တို့ဖလမ်းခရိုင်မှာ မြို့နယ်(၃)မြို့နယ် ရှိပါတယ်။ ဒီ(၃)မြို့နယ်မှာ သင်ကြားရေးဝန်ထမ်း(၃၁၉၄)ယောက်ရှိတဲ့အနက်မှာ (၁၂၃၁) ယောက်ကတော့ ကျောင်းပြန်ဖွင့်ဖြစ်ဖို့အတွက်သတင်းပို့ပြီးပါပြီ ၊ ရာခိုင်နှုန်းအားဖြင့်တော့ ၄၀% ရှိပါတယ် ၊ ကျောင်းအနေနဲ့ကတော ့(၃)မြို့နယ်မှာ ကျောင်းပေါင်း(၄၃၄)ကျောင်းရှိတဲ့အနက် (၃၇၃)  ကျောင်း က  ပြန်ပြီးဖွင့်လှစ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျောင်းဖွင့်လှစ်ရေးမှာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းတွင်းပစ္စည်း ပရိဘောဂထိုင်ခုံစတာတွေ ကြိုတင်ပြင်ဆင်ထားဖို့ ၁၀.၅.၂၀၂၁ရက်နေ့မှာ အစည်းအဝေးခေါ်ပြီး ကျောင်းအုပ်တွေကို ညွှန်ကြားထားပြီးဖြစ်ပါတယ် ”ဟုပြောသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်မှုအခြေအနေနှင့် ကျောင်းဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များဖြန့်ဝေထားမှုအခြေအနေနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းမှာ အဆင်သင့်ဖြစ်ဖို့အတွက် ကျွန်တော့်ခရိုင်ပညာရေးမှူးရုံးက စစ်ဆေး ရေး အဖွဲ့(၆)ဦး၊မြို့နယ်ပညာရေးမှူးရုံးမှစစ်ဆေးရေးအဖွဲ့ (၁၄)ဦး၊ စုစုပေါင်း(၂၀)ဦးကို အဖွဲ့(၉)ဖွဲ့ ဖွဲ့ပြီးစေလွှတ်ထားပြီးဖြစ်ပါတယ်။ သူတို့ကနေကျောင်းရဲ့ အခြေအနေအဆင်သင့် ရှိ/မရှိ၊ ပတ်ဝန်း ကျင်သန့်ရှင်းသာယာရေးနှင့်ထိုင်ခုံပရိဘောဂစတာတွေ အဆင်သင့်ဖြစ်မဖြစ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်သင်ကြားရေးနှင့် ပတ်သက်လို့ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံး   ဗလာစာအုပ်တွေ အလုံအလောက်ရရှိပြီးဖြစ်ပါတယ်။ ရရှိပြီးတဲ့ကျောင်းသုံ:ဗလာစာအုပ်တွေကို    ကျောင်းအရောက်ပို့ပေးပြီးဖြစ်ပါတယ်” ဟု ခရိုင်ပညာရေးမှူး က ဆက်ပြောသည်။

ထို့အပြင်ကျောင်းပြန်လည်ဖွင့်လှစ်သည့်အခါကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး“ကျွန်တော်တို့ ကိုဗစ်-၁၉ကပ်ရောဂါနဲ့   ပတ်သက်လို့ကြိုတင်ကာကွယ်ရေးအတွက်ကာကွယ်ရေးပစ္စည်းတွေ အလုံအလောက်ပို့ထားပြီး ဖြစ်ပါတယ်။ ဒီပစ္စည်းတွေအဆင်သင့်သုံးနိုင်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉နဲ့ ပတ်သက်လို့ ညွှန်ကြားချက်အတိုင်း ကျောင်းဖွင့်လှစ်နိုင်ဖို့အတွက် ဆရာ/မတွေ၊ကျောင်းအုပ်တွေ ပူးပေါင်းဆောင်ရွက်မှုနှင့် အဆင်သင့်ရှိအောင် ညွှန်ကြားချက်တွေပေးပြီးဖြစ်ကြောင်း ကျွန်တော် တင်ပြလိုပါတယ်” ဟု ဆက်ပြောသည်။

မြို့နယ်အသီးသီးမှာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဖလမ်းခရိုင်အတွင်း အထကကျောင်း(၄၀)ကျောင်း၊ အထက(ခွဲ)ကျောင်း(၃၀)ကျောင်း၊ တွဲဖက်အထကကျောင်း(၁)ကျောင်း၊ အလကကျောင်း(၇၀)ကျောင်း၊ အလက(ခွဲ)ကျောင်း(၂၆) ကျောင်း၊ မူလွန်ကျောင်း(၈၆)ကျောင်း၊ အမကကျောင်:( ၁၆၉)ကျောင်း၊ အမက(ခွဲ) ကျောင်း (၁၂)ကျောင်း ရှိပြီး စုစုပေါင်း (၄၃၄ ) ကျောင်းရှိကာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅) ကျောင်းရှိကြောင်းသိရသည်။

ခရိုင်ပြန်ဆက်