ဝန်းသို မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် လက်ပံကြီးတောကျေးရွာသည် ကောလင်း-ဝန်းသို ကျေးရွာ ချင်းဆက် လမ်းဘေးတွင်တည်ရှိပြီး နန်းလှိုင်းဆည်ကို အမှီပြု၍ သီးနှံမျိုးစုံ စိုက်ပျိုလျက်ရှိရာ စပါးရိတ်သိမ်းပြီး လယ်ကွက်များတွင် နွေရာသီပေါ် ပန်းဂေါ်ဖီကို စမ်းသပ် စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
"နွေရာသီပေါ်ပန်းဂေါ်ဖီကို မနှစ်က အပင်၅၀၀၀ စမ်းသပ်စိုက်ပျိုးခဲ့ရာ စျေးကောင်းခဲ့သော်လည်း အပင်ဖြစ်ထွန်းမှုနည်းသဖြင့် ငွေကျပ် ၃သိန်းခန့် အရှုံးပေါ်ခဲ့ပါတယ်။ ဒီနှစ်ပြန်လည်ပြီး မျိုးကို မျှားနီ ရက် ၉၀ ကို စိုက်ပျိုးရေးဆိုင်မှ ဝယ်ယူပြီး ဖေဖော်ဝါရီလတွင် အပင် ၉၀၀၀ စမ်းသပ်စိုက်ပျိုးခဲ့ပြီး ရေဖျန်းစနစ်ကိုတာ အသုံးပြုပြီး စိုက်ပျိုးခဲ့ပါတယ်။ ကုန်ကျစရိတ်ကတော့ ထွန်ယက်ခ၊ ရေဖျန်းခ၊ မျိုးဖိုး၊ ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး စုစုပေါင်း ၅ သိန်းကျော် ကုန်ကြခဲ့ပါတယ်။ ယခု လက်ရှိမှာတော့ ပန်းဂေါ်ဖီတစ်ပွင့်ကို အသေး၊ အကြီးပေါ် မူတည်၍ ၄၅၀ ကျပ်မှ ၆၀၀ ကျပ်အထိ ရောင်းရပြီး နေ့စဉ်ငွေကျပ် ၅၀၀၀၀ ကျော်ဖိုးခန့် ရောင်းချရပြီး အပင် ၉၀၀၀ စိုက်ကို အမြတ်ငွေ ၉ သိန်းကျော်ခန့် ရရှိကြောင်း" လက်ပံကြီးတောကျေးရွာမှ ပန်းဂေါ်ဖီစိုက်ပျိုးသူ ဦးမြင့်လွင်က ပြောပြသည်။
ပန်းမုန်လာများအပြင် ဂေါ်ဖီ (မုန်လာထုပ်) များ၊ ကိုက်လန်မုန်ညင်းများ၊ ဂန္ဓမာပန်းများ၊ တိုင်ထောင်ပဲ၊ ပဲတောင့်ရှည်များ၊ ခရမ်းချဉ် သီးများ၊ မုန်ညင်းများ၊ ဖရုံသီး၊ ဘူးသီးနှင့်အခြား သီးပင်၊ စားပင်များကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းရသည့်အတွက် အဆင်ပြေကြောင်း၊ ဟင်းစားသီးနှံများအပြင် နှစ်ရှည်သီးနှံပင်များလည်း စိုက်ပျိုးထားရှိကြောင်း၊ သီးပင်စားပင်များအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရသည့်အတွက် နေ့စဉ်ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစီးပွားရေး၊ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကောလင်းမြို့နှင့်ဝန်းသိုမြို့ ကျေးရွာချင်းဆက်လမ်းဘေးတွင်ရှိသော ကျေးရွာများတွင် တစ်ပိုင် တစ်နိုင် စီးပွားဖြစ် နွေရာသီပေါ်သီးနှံများကို မိသားစုအပိုဝင်ငွေများရအောင် လုပ်ကိုင် စိုက်ပျိုး ရောင်းချလျက်ရှိရာ အထောက်အကူရ၍ နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)