ကျောက်တံခါး မေ ၂၀
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကြာအင်းကုန်းကျေးရွာအုပ်စုရှိ ကျောက်တံခါး မြို့နယ်နှင့် ဖြူးမြို့နယ်သို့ ဆက်သွယ်ထားသော ကွန်းချောင်း တံတားအား သံကူကွန်ကရစ်တံတားအဖြစ် အသစ်တည်ဆောက်နေကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခွင့်ပြုငွေ ၂၀၀.၀၀သန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခွင့်ပြုငွေ ၁၈၆.၂၀ သန်း စုစုပေါင်း ၃၈၆.၂၀သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော Yoma Link Co. Ltd စီမံကိန်း အင်ဂျင်နီယာ ဦးဝင်းနိုင်(AE ငြိမ်း)နှင့် အဖွဲ့ မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့မှ တာဝန်ယူစတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားမှာ တံတားအရှည် ၂၄၀ပေ တံတားအကျယ်၂၀ပေ သံကူ ကွန်ကရစ် တံတား အမျိုးအစားဖြစ်ပြီးစက်တင်ဘာ(၃၀)ရက်နေ့ နောက်ဆုံး ထားအပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။
ကွန်းချောင်းတံတားကို ရွာသူရွာသားတွေစုပေါင်းပြီးကိုယ်ထူကိုယ်ထနဲ့ ယာယီသွားလာဖို့ အဆင်ပြေစေရေးအတွက် ယခင်ကသစ်သား တံတားလေး တစ်ခု အဖြစ်တည်ဆောက်ခဲ့တာ ဖြစ်ပြီးတံတားကသက်တမ်း ၁၃နှစ်ရှိပြီ ဖြစ်ကြောင်း ယခုအခါတံတားကြံ့ခိုင်မှု အားနည်း လာ တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြခဲ့သည့်အတွက်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းပြီး သံကူကွန်ကရစ် တံတားအဖြစ်တည်ဆောက်ပေးမှာ ဖြစ်ကြောင်း ယခုတံတား ပြီးစီးသွားပါက မြို့နယ်ချင်း ဆက် ဒေသခံပြည်သူများ ပိုမိုလျင်မြန်လွယ်ကူစွာ သွားလာရတော့မည် ဖြစ်ပါကြောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမောင့်မြင့် က ပြောကြားကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)