မြောင်းမြ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုများဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ မြောင်းမြမြို့နယ်ပညာရေးမှူးထံသို့ သွားရောက်တွေ့ဆုံမေးမြန်းရာတွင် “ကျွန်မတို့အနေနဲ့မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ (၅)ဖွဲ့ခွဲပြီး ဆောင်ရွက်ပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း စာသင်ခန်းများတွင် ကိုဗစ်−၁၉စည်းကမ်းချက်များနှင့်အညီ စာသင်ခုံများနေရာချထားမှုအခြေအနေ၊ စာသင်ခန်းများဖွင့်လှစ်သင်ကြားနိုင်ရေး စီမံထားရှိမှုအခြေအနေ၊ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆေးရုံဆေးခန်း ဖုန်းနံပါတ်များ ထားရှိမှုအခြေအနေ၊ အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်များ၊ လက်ဆေး ဆပ်ပြာများ၊ Mask များ စီစဉ်ထားရှိမှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို စစ်ဆေးပါတယ်။မြောင်းမြမြို့နယ်အတွင်း၌အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း၊ စုစုပေါင်း(၃၃၃)ကျောင်းရှိပြီး ကျောင်းများ ဖွင့်လှစ် နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကိုမေလပထမပတ်မှစတင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုများကိုမေလ(၂၄)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွားမှာဖြစ်ပြီး ဇွန်လ(၁)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ကျောင်းအပ်လက်ခံရာတွင် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံရန်လုံးဝမရှိကြောင်း၊ ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊Mask၊Faceshield တို့ကိုအခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများကို ကျောင်းဝတ်စုံပါ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ” ပြောကြားခဲ့ပါသည်။
(ခရိုင်ပြန်/ဆက်)