ကျောက်ကြီး မေ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များနှင့် တောပုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ယခုလိုလျှပ်စစ်မီးရရှိခြင်းသည် ကျေးရွာညီညွတ်မှုစည်းလုံးမှုနှင့် မြို့နယ်တာဝန်ရှိသူများ ကြိုးစားဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း၊ မီးရရှိလာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းမြင့်မားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးရွာမီးလင်းရေး ကော်မတီများအနေနှင့် ရငွေသုံးငွေများကို ဒေသခံပြည်သူများ သိရှိနိုင်ရန် ချပြရှင်းလင်းသွားရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးဦးက လျှပ်စစ်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်တာများကို ရှင်းလင်း ပြောကြားခဲ့သည်။
လျှပ်စစ်မီးအား ၂၀၂၀-၂၀၂၁ ခုနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်(၁၉၅၂၁၂၀၃၀) ဖြင့် မြို့နယ်လျှပ်စစ်အင် ဂျင်နီယာရုံးမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး မွေတွင်းကျေးရွာတွင် 11/0.4KV(200)KVA (၁)လုံး တည်ဆောက်ခြင်း၊ ဆင့်ဂေါင်းရွာနှင့် ကုလားရွာသို့(11) KVလိုင်း(0.36) မိုင် တည်ဆောက်ခြင်း၊ လက်ပံခုန်ကျေးရွာသို့ (11)KVလိုင်း (0.8)တည်ဆောက်ခြင်း၊ ညောင်ပင်သာကျေးရွာသို့ (11)KVလိုင်း (4.72)မိုင် တည်ဆောက်ခြင်း နှင့် 11/0.4KV(200)KVA (3)လုံးတည်ဆောက်ခြင်း၊ တောပုကျေးရွာသို့ (11)KVလိုင်း (1.71)မိုင် တည်ဆောက်ခြင်း နှင့် 11/0.4KV(200)KVA (၁)လုံး တည်ဆောက်ခြင်း လုပ်ငန်းများ၌ တိုင်ထူခြင်း၊ လိုင်းကြိုးတင်ခြင်းလုပ်ငန်း၊ ကျောက်ကြီးဘက်ကျေးရွာသို့ (11)KVလိုင်း(0.92)မိုင် တည်ဆောက်ခြင်းနှင့် 11/0.4KV(100)KVA(၁)လုံး တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လျှပ်စစ်မီးလင်းရေး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး လျှပ်စစ်မှူးနှင့် လိုင်းဝန်ထမ်းများ ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်