အင်္ဂပူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက် ပေးလျက်ရှိ

အင်္ဂပူ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းကို မေလ ၃ ရက်နေ့မှ စတင်ကာ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လမ်းညွှန်ချက် နှင့်အညီ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသော မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း နေထိုင်မှုပုံစံများ အလိုက်လက်ရှိ ဇာတိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဟူ၍ နည်းလမ်း(၄)သွယ် ချမှတ်ကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၄)စုမှ ကိုင်‌ဆောင်လက်မှတ်မရှိသူ တိုင်းရင်းသားနှင့် တိုင်းရင်းသားမဟုတ်သူ စုစုပေါင်း လူဦးရေ(၄၂၆)ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူ အိမ်ထောင်စု(၁၁)စုတို့အား အိမ်‌ထောင်စု လူဦး‌ရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း၊ မြို့နယ် လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)