စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ မေ ၂၀

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရသည့် စီးပွားရေလုပ်ငန်းများ ပြန်လည်ဦးမော့လာနိုင် စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေပြု၍ ကုန်ထုတ်လုပ်ငန်များအဖြစ် တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သမားရိုးကျ မိရိုးဖလာနည်းလမ်းများအစား ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက် သွားရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်းပညာများကိုလည်ကောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုး၊ အစာအဟာရ၊ နည်းပညာ၊ လှောင်မွေးစနစ်များကိုလည်ကောင်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားဖို့လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များအား ဖိအားပေး ဆောင်ရွက်စေသည့် သဘောမျိုး မသက်ရောက်စေဘဲ ၎င်းတို့ဆန္ဒအလျောက် ဆောင်ရွက်သည့် အခြေအနေမျိုးဖြစ်အောင် ပညာပေးဆောင်ရွက်ကြဖို့လိုကြောင်း၊ အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများကို ဈေးနှုန်းချိုသာစွာဖြင့် အများပြည်သူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြဖို့လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော စိုက်ပျိုးရေဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ငရုတ်၊ ကြက်သွန်၊ ပြောင်း၊ မန်ကျီး၊ ပဲတီစိမ်း၊ နွယ်ချို၊ ပဲအမျိုးမျိုး၊ ဂျင်း၊ ဆနွင်း၊ နှမ်း၊ ချဉ်ပေါင်ဖာလာ၊ ဝါးဥခြောက်၊ ကော်ဖီစေ့၊ ရာဘာစိမ်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ငါး၊ ပုဇွန် အစရှိသည့် ပြည်ပပို့ကုန် သီးနှံသားငါးများကို တိုးချဲ့စိုက်ပျိုးမွေးမြူနိုင်ရေးအတွက် တောင်သူများအား စည်းရုံးဆောင်ရွက်သွားရန်နှင့်  သွင်းကုန်များဖြစ်သော သစ်သီးဝလံများ၊ တိရိစ္ဆာန်အစာများအား သွင်းကုန်အစားထိုး တိုးချဲ့စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်ရေး  ဖြည့်စွက်လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။

စောမျိုးမင်းသိန်း