မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မယ်စဲ့ မေ  ၂၀

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်နှင့် အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ဖြင့် ကျောက်စုကျေးရွာ၌ ကျေးရွာခန်းမ ဆောင် (၅၀x၂၇x၁၂)ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်ဆည်နမ်ကျေးရွာ၌ (၂၀x၈x၆)ပေနှင့် (၂၄x၈x၉)ပေ ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိရာ အချို့ လုပ်ငန်းများမှာ ၇၅ ရာခိုင်နှုန်းခန့် လုပ်ငန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၄ ဒဿမ ၄၉ သန်းဖြင့် မယ်ဆည်နမ်ကျေးရွာ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ရန်ပုံငွေကျပ် ၄ ဒဿမ ၅၃ သန်းဖြင့် နမ့်ပိန်းလင်ကျေးရွာ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းကို ရွှေတြိဂံကုမ္ပဏီက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၆ သန်းဖြင့် ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို မြတ်သာဟိန်းကုမ္ပဏီက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်သဖြင့် ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း သိရ သည်။

ဝတ်ရည်(ပြန်/ဆက်)