ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအသုတ် ဒုတိယအကြိမ်ထိုးနှံပေး

ချောင်းဦး မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ၊ အနော်ရထာခန်းမတွင် ယနေ့နံနက် (၈)နာရီ အချိန်မှ စတင်ပြီး ချောင်းဦးမြို့ရှိ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအပါအ၀င် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့ရှိ အမှတ်(၇)စစ်မြေပြင် ဆေးတပ်ရင်းမှ ဗိုလ်ကြီးအောင်မိုးသူ အပါအ၀င် အင်အား (၁၀)ဦးက ချောင်းဦးမြို့သို့လာရောက် ဆေးထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ် ချရေးမှူး ဦးအောင်ဘော်နှင့် အဖွဲ့မှ ကြိုဆိုခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများအား ကူညီလုပ်ကိုင်ပေးခဲ့သည်။

ချောင်းဦးမြို့တွင် နိုင်ငံ့၀န်ထမ်းများ၊ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ၊ ဘာသာရေး ခေါင်း ဆောင်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ စုစုပေါင်း (၅၀၀)ဦးခန့်အား ပထမ အသုတ်အဖြစ်ထိုးနှံ ပေးခဲ့ပြီး ကျန်ရှိနေသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ပြည်သူ (၅၀၀)ဦးကို ဒုတိယအသုတ်အဖြစ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၀၀၀)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ထံမှ သိရသည်။

၀င်းမြင့်အောင်