ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်

ကြာအင်းဆိပ်ကြီး မေ ၂၀

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစတင်၍ စာအုပ်ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ပြီး ယခုအခါ မေလ(၃)ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါပြည်သူ့စာကြည့်တိုက်ကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် Online Facebook Page မှ စာအုပ်အသစ်များ ရောက်ရှိလာပါက ကြော်ငြာပေးခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာအုပ်ဖတ်ပြခြင်း အစီအစဉ်များ၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ပြခြင်း၊ ပန်းချီဆေးရောင်ခြယ်ခြင်း၊ စက္ကူအရုပ်ခေါက်ပြခြင်း အစီအစဉ်များကို နေ့စဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်များ ဂျာနယ်စာစောင်များနှင့် ကလေးအကြိုက်ရုပ်ပြစာအုပ်များ စုစုပေါင်း(၁၁၆၇၈)အုပ်ရှိပြီး မည်သူမဆို ပြည်သူ့စာကြည့်တိုက်သို့ အခမဲ့လာရောက်ဖတ်ရှု ငှားရမ်းနိုင်ပါကြောင်း သိရသည်။

 

မျိုးမင်းဦး (ပြန်/ဆက်)