ဘုတ်ပြင်း မေ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ပြည်သူများ ခရီးသွားပြည်သူများ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများ ရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ Volunteer အဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များတွင် အဖွဲ့(၇)ဖွဲ့ကာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့တွင်းသို့လှည့်လည်ကာ Mask Campaign လှုပ်ရှားမှု ဆောင်ရွက်ခဲ့ပြီး Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအဖွဲ့များက လက်ကိုမကြာခဏစနစ်တကျဆေးပါ၊ အပြင်ထွက်တိုင်း Mask တပ်ပါ၊ ကျန်းမားရေး ဦးစီးဌာနမှ ပညာပေးမှုများ လိုက်နာပါ၊ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာပါ၊ Covid-19 အလွန် အရေးကြီး စည်းကမ်းလိုက်နာ အန္တရာယ်ကင်းမှာ၊ လူတစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ သွားလာနေထိုင်ပါ၊ စသည့် ဗီနိုင်းများ ကိုင်ဆောင်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)