ကျေးလက်တောရွာများတွင် အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် ယနေ့တိုင် အသုံးပြု ခဲ့ကြသည့် မြန်မာတို့၏နွားလှည်း

မင်းဘူး မေ ၂၀

နွားလှည်းကို ရှေးခေတ် ဘုရင်များလက်ထက်မှစ၍ အသုံးပြုခဲ့ကြသော နှစ်ဘီးတပ် သယ်ယူ ပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်သည်။ နှစ်ဘီးတပ် လှည်းများတွင် နွား၊ မြင်းစသော တိရစ္ဆာန် အမျိုးမျိုးဖြင့် ဆွဲရသောလှည်းများ ရှိသကဲ့သို့ လူဆွဲ၊ လူတွန်းရသော လှည်းမျိုးများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံခြားမှ စက်တပ်ယာဉ်များ ဝင်ရောက်အသုံးပြု နေကြပြီ ဖြစ်သော်လည်း ကျေးလက်တောရွာများတွင် နွားလှည်းများကို လက်လွတ်မခံနိုင်သေးဘဲ ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြသည်။

ရှေးအခါက တောရွာများတွင် နွားလှည်းများကို အရေးပါသော လူသုံးကုန် ပစ္စည်းတစ်ခုအဖြစ် အသိအမှတ် ပြုခဲ့ကြပြီး လယ်ယာလုပ်ငန်းများ၌လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၌ လည်းကောင်း၊ ဘုရားပွဲ၊ ဘုန်းကြီးပြန်ပွဲစသော ပွဲကြီးပွဲကောင်းများ၌ လည်းကောင်း နွားလှည်းမရှိလျှင်မဖြစ်ပေ။ ၎င်းနွားလှည်းများကို မင်္ဂလာဆောင်များ၌ လက်ဖွဲရာတွင် လယ်တစ်ပွဲ၊ လှည်းတစ်စီး၊ နွားတစ်ရှဉ်းစသည်တို့ ပါဝင်လာခြင်းကို ထောက်ခြင်းဖြင့် ကျေးလက်တောရွာနေ မြန်မာလူမျိုးများသည် နွားလှည်းများအား မည်မျှတန်ဖိုးထားကြသည်ကို သိသာနိုင်သည်။

ရှေးမြန်မာတို့ အစဉ်အဆက် အသုံးပြုခဲ့ကြသော လှည်းများမှာ (၁)လှည်းယဉ်၊ (၂)ခြံအိမ်လှည်း၊ (၃)ပေါင်းမိုးလှည်း၊ (၄)လှည်းမီးတို၊ (၅)ရေစည်လှည်း၊ (၆)ဘုံသျှိုလှည်း၊ (၇) မယားကန်လှည်း ဟူ၍ ခုနှစ်မျိုးရှိပြီး လှည်းတစ်စီးတွင် ပါဝင်သော အစိတ်အပိုင်းများမှာ လှည်းပုံတောင်း၊ တကူ၊ ခွေသတ်ဘီးထောက်၊ နန်းရင်းခွေ၊ နန်းဖျားခွေ၊ သံဖိနပ်၊ ဆိတ်မျက်လုံး၊ လှည်းနားစောင့်၊ ဝင်ရိုး၊ ဆင့်တုံး၊ ဝက်ဆွယ်၊ ဝင်ရိုးဖုံး၊ ခြံအိမ်၊ ရံတန်း၊ လက်တင်တန်း၊ ရံတိုင်၊ ရံမတိုင်၊ ထုပ်၊ ယက်ဖောက်ထုပ်၊ လှည်းသန်၊ လှည်းသန်ထုပ်၊ ကတ်ကျည်း၊ ခြံအိမ်ကပ်၊ ကပ်ဖုံးငြိမ်၊ ဝန်ကော်၊ ဆောင်ပန်း၊ ဆောင်ပန်းကပ်၊ စွယ်ရန်း၊ စွယ်ရန်းတိုင်၊ ဓားမချပ်၊ ထမ်းပိုးတုံး၊ ထမ်းပိုးကျည်၊ ထမ်းပိုးကြိုး၊ ဦးပိုးကြိုး၊ ဦးပွတ်ကျည်၊ ကုပ်နှိပ်ကြိုး၊ ဦးကင်း၊ လှည်းထောက်ခွ၊ ပြန်ကထောက်၊ နောက်ထောက်၊ ပေါင်းမိုးတို့ဖြစ်သည်။

တောရွာများတွင် လှည်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြသော်လည်း မိမိတို့ ကိုယ်တိုင်လှည်းကို မပြုလုပ်ကြဘဲ လှည်းပြုလုပ်သည့် လက်သမားထံတွင်သာ လှည်းများအပ်၍ အသုံးပြုကြသည်။ လှည်းများပြုလုပ် တည်ဆောက်ရာတွင် နည်းစနစ်ရှိလေသည်။ လှည်းသန်၊ ထမ်းပိုးတုံး၊ ဝင်ရိုးတို့၏ အရှည်ပမာဏကို လှည်းဆရာများက အထူးဂရုစိုက်ကြရသည်။ လှည်းပြုလုပ်ရာတွင် စည်းစနစ်မှန်ကန်ပါမှ လှည်းကောင်းတစ်စီး ဖြစ်နိုင်ပေသည်။ လှည်းကောင်းဟုဆိုရာတွင် ကြည့်၍လှပရုံ ကြာရှည်ခံရုံမျှနှင့် လှည်းကောင်းဟု မခေါ်ဆို နိုင်သေးပေ။ အမှန်ကောင်းသောလှည်းသည် နွားများ၊ ကျွဲများဆွဲရာ၌ လွယ်ကူသက်သာ စေရမည်။ သူ့အချိုးအစားနှင့်သူ ချိန်သားကိုက် စီမံထားသောလှည်းသည် ကုန်ချိန်မည်မျှပင် လေးသည်ဖြစ်စေ အလေးမျှ၍ ပြေပြစ်စွာ လိမ့်ပါသွားခြင်းကြောင့် လှည်းကိုရုန်းဆွဲရသော ကျွဲ နွားများကို သက်သာမှုပေးနိုင်သည်။ ထိုကဲ့သို့ လှည်းများကို ကျွမ်းကျင်သည့် လက်သမား ဆရာ တို့အား ပြုလုပ်စေပြီး ကျေးလက်တောရွာများတွင် ယနေ့တိုင် အသုံးပြုလျက် ရှိကြပေသည်။

ဇေယျာထက် (မင်းဘူး)